ချောင်းဦးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ချောင်းဦး  မတ်  ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၈) နာရီက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာ မြို့မ စည်ပင်သာယာဈေးအတွင်း သွားလာဝယ်ယူ ရောင်းချနေကြသော ဈေးသူ၊ ဈေးသားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်အောင် အထူးဂရုပြု နေထိုင်သွားရေး၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး၊ သားငါးဟင်းများ ကိုင်တွယ်ရောင်းချရာတွင် လက်အိတ်များအသုံးပြုရေးနှင့် လက်သန့်ရှင်းရေးကို ဂရုပြုရေး၊ ဈေးအတွင်းရှိ မုန့်ဆိုင်များအား ဆိုင်ထိုင်စားသည့်စနစ်ဖြင့် မရောင်းကြရန်၊ ဈေးတွင် ဈေးရောင်းချသူများ အနေဖြင့် ၀ယ်သူများအား တစ်ဦးနှင့် တစ်ဦး(၃)ပေကွာ ၍ ၀ယ်ယူကြရန် သတ်မှတ်မျဉ်းများ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ရောဂါပိုးကူးစက်မှုအား ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် သတ်မှတ်နေရာ အတွင်း၌သာ ၀ယ်ယူ ကြရန် နှိုးဆော် တိုက်တွန်းခဲ့သည်။

ထို့နောက် လူစည်ကားရာ မြို့ပေါ် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် မုန့်ဆိုင်များ အား ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ပါဆယ်ထုပ်ပြီး ရောင်းချကြရန်၊ လူစုလူဝေးများဖြင့် သွားလာနေထိုင်ခြင်းအား ရှောင်ကြဉ်ကြရန်စသည့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေး အသိပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။            

ချောင်းဦးမြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်၀င်းက ချောင်းဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စီမံကွပ်ကဲသည့် အမြင့်စျေးနှင့် ခင်မွန်စျေးများတွင် အန္တရာယ်ရှိ ကူးစက်မြန်ရောဂါဖြစ်သော COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်မှု အထောက်အကူပြုလုပ်ငန်းများ ဖြစ်သည့် ကူးစက် ရောဂါများ တားဆီးကာကွယ်စေရန်အတွက် ASEPTOL Disinfectant ပိုးသတ်ဆေး ဖြန်းခဲ့ ကြောင်း ပြောကြားသည်။

အိအိအောင်(ချောင်းဦး)