အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်

မုံရွာ  ဖေခဖာ်ဝါရီ  ၂၃

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသို့သွားရောက်၍ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီ အချိန်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက တက်ရောက်နေကြသော သင်တန်းသူ/သားများအား စားသုံးသူ ရေးရာဦးစီးဌာန(DOCA)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစွာပထမ မိတ်ဆက်ပြောကြားခဲ့ပြီးနောက်  DOCA နှင့် FDA တို့၏ ဝန်ကြီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်များ၏ ရည်မှန်းချက်တာဝန်များ၊ ဌာနနှစ်ခုတွင် အသုံးပြုကျင့်သုံးနေသည့် ဥပဒေအမည်များနှင့် ပြည်သူကို ဝန်ဆောင်မှု ပေးနေသည့် မတူညီသော လုပ်ငန်းဆောင်ရွက်ချက် များအကြောင်းကို ခွဲခြားနားလည်တတ်စေရန် သင်တန်းသူ / သားများအား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၉  ဖြင့် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာကြသော သင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်း များ လုပ်ကိုင်ကြမည့်သူများဖြစ်သဖြင့် လုပ်ငန်းရှင်ဟုဆိုနိုင်သော်လည်း တစ်ဖက်က ကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသောအချက်များ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ အခွင့် အရေးများ နစ်နာဆုံးရှုံးခဲ့ပါက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်