တွံတေးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်

တွံတေး မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြည်တွင်း/ပြည်ပမှနေရပ်သို့ ပြန်လည် ရောက်ရှိ လာသူများအား တွံတေးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ရောဂါ မပြန့်ပွားရေးအတွက် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော်မတီနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနနှင့် ပူးပေါင်း၍သက်ဆိုင်ရာ နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်းဓမ္မာရုံ၊ ကျန်းမာရေးဌာန(၃၇)ခုတွင် မတ်၂၈ရက်နေ့ မှ စတင်ကာ Community Based Facility Quarantine များ စီမံထားရှိကြောင်း သိရှိရသည်။

တွံတေးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ အလှူရှင် ဦးစိန်မောင်+ဒေါ်စန်းစန်းအေး မိသားစုက Community Based Facility Quarantine အတွက် နှစ်ထပ်အဆောက်အဦးကို လည်းကောင်း၊ ရန်ကုန်မြို့နေ ဗိုလ်ချုပ်ဈေးမှ မမျိုးက ကုတင်မွေ့ယာ စောင်ခေါင်းအုံး(၁၈)စုံ၊ ကာလတန်ဖိုးသိန်း(၁၀၀)ခန့်အားလည်းကောင်း၊ အဆောက်အဦးတွင် ပန်ကာ တပ်ဆင်ရန် အလှူရှင် ကိုမျိုးသူ+မနုငယ်ဖွေး မိသားစုက ပန်ကာ အလုံး(၂၀)အားလည်းကောင်း၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် လိုအပ်သော ဆေးပစ္စည်းများ ဝယ်ယူရေး အလှူငွေများကို အလှူရှင်များက ပေးအပ်ရာ တွံတေးမြို့နယ် အမှတ်−၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှက အလှူရှင်များအား ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် Community Based Facility Quarantine နေရာ (၃၇) နေရာတွင် ပြည်တွင်းဝင်ရောက်သူ (၁၃၈) ဦး၊ ပြည်ပမှ ဝင်ရောက်သူ(၁၅၄) ဦး၊ စုစုပေါင်း (၂၉၂) ဦးကို အနီးကပ်(၁၄)ရက် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)