ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ကြည့်မြင်တိုင်  ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈း၃၀ နာရီအချိန်က ထီးတန်းစျေးအတွင်းရှိ လူစည်းကားရာ နေရာများတွင် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မခံရစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျပြည်သူများ လိုက်နာကြရန်နှင့် နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းကို ပြည်သူများအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံ ခြင်း လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ်ရည်ရည်မွန်(ပြန်/ဆက်)