ဘုတလင်မြို့၊ မြို့မဈေးတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (၃)ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေး

ဘုတလင် မတ်  ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘုတလင်မြို့၊ မြို့မဈေးတွင် ဈေးရောင်းချသူ များနှင့် ဈေးဝယ်သူများအား (၃)ပေအကွာမှ ရောင်းဝယ်ကြရန် နေရာသတ်မှတ်ပေးထားကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

ဘုတလင်မြို့၊ မြို့မဈေးတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအချင်းချင်း ရောင်းဝယ်ရာတွင် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိစေရန်အတွက် (၃)ပေအကွာအဝေးရှိ အမှတ်အသားများ သတ်မှတ်ပေးထားပြီး မြို့နယ်စည်ပင် သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးနှင့် ဝန်ထမ်းများက သတ်မှတ်နေရာများမှ စနစ်တကျ ရောင်းဝယ်ကြရန် နေ့စဉ် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဘုတလင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် လ္ဘက်ရည် များတွင် ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရေးနှင့် ကုန်စုံဆိုင်များ၊ စတိုးဆိုင်များတွင် ဈေးဝယ်သူများအား တစ်ဦးနှင့် တစ်ဦး (၃)ပေအကွာမှ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ဝန်ထမ်းများက ဈေးဆိုင်များသို့ သွားရောက်ပြီး ညွှန်ကြားစာများ ဖြန့်ဝေကာ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)