ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုရေးနှင့် သားသတ်ရုံများဌာန၊ စျေးများဌာနနှင့် သန့်ရှင်းရေးဌာနတို့မှ ပြည်သူများဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်၍ အမှတ် (၇) ရပ်ကွက် နာနတ် တောလမ်းရှိ မြန့်မာ့အသံအိမ်ရာဝင်း၊ အမှတ် (၈) ရပ်ကွက်ပြည်လမ်း မြန်မာ့အသံဝန်ထမ်းအိမ်ရာနှင့် အမှတ် (၇) ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာတွင် တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုလည်ကောင်း၊ စျေးများဌာနမှ ရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်ကောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းနှင့် ကုန်ခြောက်အမျိုးမျိုးကို စျေးနှုန်းချိုသာစွာဖြင့် ချပေးလျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀) ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံးပါ တစ်ကဒ် (၁၃၀၀)ကျပ်၊ ဆန်ချော (၅) ပြည်ပါ တစ်အိတ် (၈၅၀၀) ကျပ်၊ ဆန်ကြမ်း (၅) ပြည်ပါ တစ်အိတ် (၅၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သားတစ်ဘူး (၁၈၅၀) ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ များမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
စိမ်းလဲ့ (ပြန်/ဆက်)