ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းကို ကွမ်းခြံကုန်းမြို့နယ် မြို့မစျေးတွင် ယမန်နေ့က ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များသည် ကွမ်းခြံကုန်းမြို့နယ် မြို့မစျေးရှိ စျေးသူ/စျေးသားများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ပြည့်စုံမှုရှိ/မရှိ၊ ဆီအတင်/အချဆောင်ရွက်ရာတွင် မီးဘေး လုံခြုံရေးကင်းရှင်းစေရန် လိုက်နာရမည့် အချက်များ၊ ဆီမီးလောင်မှုများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ မီးငြှိမ်းသတ်နိုင်စေရေးနှင့် မီးသတ်ဆေးဗူးဖြင့် စနစ်တကျမီးငြှိမ်းသတ်နိုင်စေရန်တို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ စျေးတာဝန်ခံများနှင့် စျေးသူ/စျေးသားများ တက်ရောက်ကြောင်း သိရသည်။
(ဆွေနွယ် IPRD)