ဇီးကုန်း ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ကျေးလက် ဒေသများ၏ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လယ်ယာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့က ဘုရားကြီးကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာဖြိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်တို့ဦးဆောင်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နယ်မြေလုံခြုံရေး ကိစ္စရပ်များကို ကျေးလက်နေပြည်သူများနှင့် ရင်းနှီးစွာတိုင်ပင် ဆွေးနွေးခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ဂွေးပင်ကုန်းရေတံခါး တည်ဆောက်နေမှုနှင့် ပတ်သက်၍ အဆိုပါ ရေတံခါးသည် တောင်ညိုဆည်မှ လာသောရေအား ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တွင် တည်ဆောက်လုပ်ကိုင်လျက်ရှိပြီး ရေတံခါးပြီးစီးပါက ပတ်ဝန်းကျင်ကျေးရွာများမှ လယ်ဧက (၄၀၀၀) ကျော်ကို ဆည်ရေပေးနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း များအတွက် များစွာအထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးလက်ပြည်သူများမှ ဝိုင်းဝန်းကူညီထိန်းသိမ်း ဆောင်ရွက်ကြရန်၊ ဗိုလ်မှူးအာကာဖြိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်တို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို ကျေးလက်နေပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)