ယင်းမာပင်မြို့၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက် သီးခြားနေထိုင်ရန် စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်

ယင်းမာပင်  မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများအား Quarantine ၁၄ ရက် သီးခြားနေထိုင်စောင်ကြည့်နိုင်ရန် ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲက (၁၄) ဦး ပြန်လည်ရောက်ရှိလာပြီး ရောက်ရှိလာသူများကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ကျေးရွာများရှိ  Quarantine ၁၄ ရက်သီးခြား စောင့်ကြည့်ရေးစခန်းများသို့ ကျန်းမာရေးစောင့်ရှောက်မှု များ ပြုလုပ်နိုင်ရန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာကျေးရွာ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးရေး အဖွဲ့များနှင့် စနစ်တကျချိတ်ဆက် ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် လူစုလူဝေးရှိသည့်နေရာများနှင့် အများပြည်သူသွားလာနေသည့် နေရာများတွင် ကျန်းမာရေးအသိပညာပေး ပိုစတာများပြသထားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စျေးနှင့်လူအများစုလာရောက်သော ရုံးများတွင် ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများ တွင်လည်း Quarantine ၁၄ ရက် သီးခြားစောင့်ကြည့်ရေး စခန်းများဖွင့်လှစ်ပြီး ကျန်းမာရေးစောင်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးလွင်ထံမှ သိရသည်။

ယင်းမာပင် မြို့နယ်အတွင်းရှိ ရပ်ကွက်ရျေးရွာများတွင် မတ်လ ၃၀ ရက်နေ့မထိ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ ၈၇၆ ဦး ပြန်လည်ရောက်ရှိလာကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရင်းမှတ်တမ်းအရ သိရသည်။

သန်းဌေးအောင်(ကနီ)