သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

သင်္ဃန်းကျွန်း  မတ်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက် (၈) နာရီမှ ညနေ (၃) နာရီအချိန်အထိ ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ လဝကမှူး ဉီးရဲထွန်း၊ ဒုလဝကမှူး ဒေါ်သက်သက်အေးနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်းနိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း များရရှိရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ၂၀ ဦး၊ ၆(က) ၄၅ ဦး၊ စုစုပေါင်း (၆၅) ဦးအားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ်အခမဲ့ ပြုလုပ်ပေးလျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး