ဘားအံ မတ် ၄
နှစ်စဉ်ကျောင်းသား ၊ကျောင်းသူ(၆၀၀)ဦးခန့်မှ (၁၀၀၀)ဦးခန့်ထိ တက်ရောက်ပညာသင်ကြားနိုင်သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ကို ဘားအံမြို့၊ တောင် ကလေးတိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်းအနီးတွင် တည်ဆောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန် ရှိသူများသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် သီဟမင်းဆွေဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၂၁၇ပေ x ၃၁၀ပေ) သံကူကွန်ကရစ်(၃)ထပ် ပင်မဆောင်တည်ဆောက်ခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမိုးမိုးကြည်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားမူလာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသော (၁၂၅ပေ x ၈၂ပေ x ၁၈ပေ) Steel Structure တစ်ထပ် အလုပ်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ထူးမြတ်ဂုဏ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၂၁၁ ပေ x ၇၀ ပေ) RC နှစ်ထပ် နန်းငုဝါကျောင်း သူအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ နန်းထိုက်ဝင်းကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော (၇၈ ပေ x ၉၄ ပေ) RCC လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ ထူးမြတ်လျှံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၇၈ ပေx ၉၄ ပေ) RCC လေးခန်းတွဲ လေးထပ် ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း၊ စိုးမိုးသူကုမ္ပဏီမှ တာဝန်ယူတည်ဆောကလျက်ရှိသော (၂၁၁ ပေ x ၇၀ ပေ) RCC သုံးထပ်ကျောင်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ သမိန်ဗရမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိ သော (၇၈ ပေ x ၉၄ ပေ) RCC လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟော်သဓါပညာရေးတော် တည်ဆောက်ရေးလုပ်ငန်းခွင် ယာယီကျောင်းဆောင်၌ ခေတ္တသီတင်းသုံးနေ ထိုင်တော်မူသော ဇွဲကပင်တောင် ဆရာတော်ဘဒ္ဒန္တကဝိဓဇအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ မြို့ပြ အိမ်ရာစီမံကိန်းအတွင်းရှိ (၈၀ပေ x ၄၀ပေ) သံဃာစင်ပါ သုသာန်ဇရပ်နှင့် မီးသဂြိုလ်စက် တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာညိုညိုဝင့်နှင့်အဖွဲ့အား ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်အတွင်းရှိ ရပ်ရွာလူထုများအတွက် လိုအပ်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို ကြက်ခြေနီ အခြေခံမူများ စံသတ်မှတ်ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများအား အကူအညီပေး နိုင်ရေးဆိုင်ရာကိစ္စရပ် များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)