ကမာရွတ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (CovidShield) ဆက်လက် ထိုးနှံပေး

ရန်ကုန်  မတ်  ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Covid Shield) ကာကွယ်ဆေးထိုးများ ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ကမာရွတ် မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ် များဆေးရုံ (ရန်ကုန်)အရေးပေါ်နှင့် ပြင်ပလူနာဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင် ရန်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူ ပြည်သူများအား မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ တို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများကစနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)