သာယာဝတီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

သာယာဝတီ       မတ် ၅

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ပိုင်းက  မြို့ပေါ်ရပ်ကွက်များနှင့် ငဖြူကလေးကျေးရွာ၊ သင်တောရိုးကျေးရွာအုပ်စုအတွင်း နှိုးဆော်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၏ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်လွင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီ ဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာ/ရုံးများ တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက် ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီ ဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ၊ တပ်ရင်းတပ်ဖွဲ့ များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး များ တပ်ဆင်ထားရှိကြရန် နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့ လူထုများ သိရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်း၊ ထင်း၊ ဖွဲ၊ မီးသွေးမီးဖိုများနှင့် လျှပ်စစ်၊ ဂက်(စ်)မီးဖို အသုံးပြုသူများသည် နံနက်(၄:၀၀)နာရီမှ နေ့လယ်(၁၁:၀၀)နာရီထိလည်းကောင်း၊ ညနေ(၄:၀၀)နာရီမှ (၈:၀၀) နာရီထိလည်းကောင်း စနစ်တကျ အသုံးပြုရန်၊ မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ရန်၊ လျှပ်စစ်မီးဖိုနှင့် ဂက်(စ်)မီးဖို သုံးစွဲပြီးပါက ခလုတ်များကို  စနစ်တကျပိတ်ရန်၊ မိမိတို့နေအိမ်များတွင် ရေအိတ်၊ သဲအိတ်၊ မီးချိတ်မီးကပ်များနှင့် မီးသတ်ဆေးဗူးများ အဆင်သင့်ထားရှိရန်၊ မီးလောင်လွယ်သော ဝါး၊ ဓနိ၊ သစ်သားနှင့် အမိုးအကာများကို စနစ်တကျ ထားရှိရန်၊ဟောင်းနွမ်းနေသော ဝါယာကြိုး များကို အသုံးမပြုရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ အိမ်အတွင်း၌ မီးလောင်လွယ်သော အမှိုက်များအား စနစ်တကျ ရှင်းလင်းရန် စသည်တို့ကို အသိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများကို (၂) ပတ်တစ်ကြိမ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအတွင်း နှိုးဆော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန့်ဇော်(သာယာဝတီ)