လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သရက် မတ် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ သုခရတနာပရဟိတအသင်းနှင့် မြတ်ပါရမီ ပရဟိတ အသင်း၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးက သရက်မြို့နယ် အုန်းမွန်းတောကျေးရွာ လူနေအိမ်(၅၀)လုံးနှင့် ငါးဘတ်ကျကျေးရွာ လူနေအိမ်(၅၀)လုံး အတွက် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိမ်ဆောက်ပစ္စည်းဝယ်ယူနိုင်ရေး ဆွေးနွေးခဲ့ပြီး ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိပါက ထောက်ပံ့ပေးလျက်ရှိရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ငါးဘတ်ကျကျေးရွာနှင့် အုန်းမွန်းတောကျေးရွာအတွက် တစ်ရွာလျှင် လူနေအိမ်  (၅၀)လုံး အတွက် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်  အိမ်ဆာက် ပစ္စည်းဖိုး ငွေ(၁၅)သိန်းစီအား ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်မှုဦးစီးဌာန ခရိုင် ဦးစီးမှူးတို့မှ ပေးအပ်ရာ ငါးဘတ်ကျကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အုန်းမွန်းတောကျေးရွာ အုပ်ချုပ် ရေးမှူးတို့က လက်ခံပေးခဲ့ကြောင်းသိရသည်။   

 ဇော်ထက်(သရက်)