ရန်ကုန် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ် အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများ၊ လမ်းသွား လမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း ( Mask ) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင် ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထု များ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြ ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ ကြကြောင်းလည်း သိရသည်။
တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်နေမှုအပေါ် တာမွေကြီး (ခ)ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကလည်း " ယခု လို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နှာခေါင်းစည်း ( Mask )များ အခမဲ့ ဖြန့်ဝေပေးတဲ့အတွက်ရော၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေးတဲ့ အတွက်ရော ကျေးဇူး အများကြီးတင်ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း မဖြစ်ပွားစေရေးအတွက် အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်း ( Mask )ကို စနစ် တကျ တပ်ဆင်ပြီးမှ သွားလာကြဖို့နဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် တွေကို တိတိကျကျ လိုက်နာ ကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် များအရ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၂၇၅)ဦး အထိရှိပြီး ရောဂါကြောင့် လူ(၃)ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့သည့်အပြင် ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်မှုများ လျော့နည်းလာ သည့်အတွက် ယခုလို မြို့နယ် အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)