သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

သာယာဝတီ   သြဂုတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းမှ  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့  မလာရောက်နိုင်သည့်  စာဖတ်ပရိတ်သတ်များ၊  စာပေချစ်သူများ အတွက် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ မိတ်ဆက်ခြင်း၊  ဆေးရောင်ခြယ်ပန်းချီဆွဲခြင်း လုပ်ငန်းများကို  အပတ်စဉ်  ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ     လုပ်ငန်းများဆောင်ရွက်ရာတွင်    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ခရိုင်ဦးစီးမှူးက ကြီးကြပ်၍  ၀န်ထမ်းများ၊ စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများက အလှည့်ကျ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး  စာပေ ချစ်သူများ(BookClub) အဖွဲ့မှလည်း လစဉ် စာဖတ်ဝိုင်း များ ကျင်းပဆောင်ရွက်လျက်ရှိကြောင်းသိရသည်။         

ထို့အပြင်  အသိပညာပေး လုပ်ငန်းများဖြစ်သော   နိုင်ငံတော်အကြီးအကဲများ၏  တိုင်းကျိုးပြည်ပြုဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများ၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း  သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့်  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက   ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် အညီ   ဆောင်ရန် / ရှောင်ရန်များ၊​   မူးယစ် ဆေးဝါး၏ ဆိုးကျိုးများနှင့်   မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊   ကလေးသူငယ်အခွင့်အရေးနှင့်  ကလေးအလုပ်သမား ပပျောက်ရေး စသည့်  အသိပညာ ပေးနံရံကပ်စာစောင်၊  ဓါတ်ပုံများကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နေ့စဉ် ပြသ ထားရှိကြောင်း သိရသည်။

 သန့်ဇော်(ခရိုင်ပြန်/ဆက်)