ရန်ကုန် မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း (Mask) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများ၊ လမ်းသွား လမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည် (သို့) လက်ဆေး ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦး (၆) ပေအကွာမှ ပြောဆို ဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် များအရ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၇) ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၂၈၂) ဦးအထိရှိပြီး ရောဂါကြောင့် လူ(၃)ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့သည့်အပြင် ယခုအခါ မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါ ပါးစပ် / နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်မှုများ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိစျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)