မြောက်ဥက္ကလာပ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် ထိစပ်နေသော ငမိုးရိပ် ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ က ဆက်လက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်သည် နှစ်စဉ် မိုးတွင်းကာလ ချောင်းရေများ တိုက်စားမှုကြောင့် မကြာခဏ ကမ်းပြို ခြင်းများ၊ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ပြီး ယခုနှစ်တွင် ကမ်းပြိုခြင်း အန္တရာယ်မှ ကာကွယ်ရန် ကမ်းထိန်း ဆောင်ရွက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ရန်ပုံငွေ ကျပ်သိန်း (၄၅၀၀) ဖြင့် (၅)လကျော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့သို့ ကမ်းပြိုခြင်းကာကွယ်ရေး လုပ်ငန်းမျာအနေဖြင့် (င)ရပ်ကွက်ရှိ ဝဇီယာ ရေထိန်းတံခါးထိပ်နှင့် သန္တာရေထိန်း တံခါးထိပ်ကြားတွင် အလျား (၁၆၂၀)ပေ၊ နွယ်နီရေထိန်းတံခါးထိပ်တွင် အလျား (၃၀၀) ပေ ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ဆောင်ရွက်ရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ထံမှ သိရသည်။
မြမြဝင်း(ပြန်/ဆက်)