ရွှေတိဂုံစေတီတော်ကြီးတွင် (၂၆၁၀) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  မတ်လ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲ အခမ်းအနား အား ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်သြဝါဒစရိယ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ ညောင်တုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသပါ သံဃာတော် (၁၈) ပါး၊ ရွှေတိဂုံ စေတီတော်အလှည့်ကျဂေါပက ဦးဘိုးသင်းနှင့် ဂေါပကအဖွဲ့ဝင် (၁၁) ဦး၊ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်အပါအ၀င် စုစုပေါင်း လူပုဂ္ဂိုလ် (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး “နီလာ နီလာ” အစချီ သော မဟာပဌာန်းရောင်ခြည်တော် ဖွင့်ဂါထာဖြင့် ဘုရားရှင်အား ပင့်လျှောက်ခဲ့ကြသည်။ ထို့နောက် ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ ကိုးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ဆက်လက်၍ (၂၆၁၀ )  နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကျင်းပရေးကိစ္စနှင့် ပတ်သက်၍ အလှည့်ကျဂေါပက ဦးဘိုးသင်းမှ ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်အမှာစကားဖတ်ကြား လျှောက်ထားခဲ့ပြီး ညောင်တုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ   ပဝရာဘိဝံသနှင့် ဂေါပကအဖွဲ့ဝင်များမှ ဆီမီးတန်ဆောင် ထွန်းညှိပူဇော်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြ၍ ဆရာတော်ဘဒ္ဒန္တဇာဂရမှ မဟာပဌာန်း ဒေသနာတော်အား ရွတ်ဖတ်ရန် တိုက်တွန်းလွှာဂါထာ ဖတ်ကြား ခဲ့ရာ သံဃာတော်များက ဦးဆောင်ပြီး ပရိတ်သတ်အပေါင်းက မဟာပဌာန်း ပစ္စယုဒ္ဒေသပါဠိတော်ကို စုပေါင်း သံပြိုင်ရွတ်ဆို ခဲ့ကြသည်။ဆက်လက်၍ နံနက်(၉း၄၀ ) နာရီအချိန်ကစပြီး အလှည့်ကျ ပဌာနဘာဏက ဆရာတော်မှ ပဌာန်းဒေသနာတော်အား အသံမစဲ စတင်ရွတ်ဖတ်ပူဇော် ခဲ့ကြသည်။ (၂၆၁၀)နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲအား (၇.၃.၂၀၂၂)ရက်နေ့မှ (၁၆.၃.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ကြည်ဇေသော် (ပြန်/ဆက်)