ဘားအံ မတ် ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပျားမွေးမြူရေးအကြောင်း သိကောင်း စရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး က ပျားမွေးမြူရေးသည် လူသားတို့အား အကျိုးရှိစေသည့် အထောက်အကူပြု လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ပျားမွေးမြူရေးကို စိတ်ဝင်စားသူ များပြားလာခြင်း၊ သဘာဝပျားရည်အပြင် ဆေးဘက်ဝင်ပျားရည်များကိုလည်း စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်သည့်အတွက် ပျားမွေးမြူရေးအကြောင်းကို အသိ ပညာပေး ဆွေးနွေးရခြင်းဖြစ်ကြောင်း Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ကရင်ပြည်နယ် တာဝန်ခံရုံးမှ ပြည်နယ်တာဝန်ခံ ဦးစောကျော် ကျော်လင်းက မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးဌာနကို စတင်ဖွဲ့စည်းခဲ့သည့်ခုနှစ်၊ ပျားမွေးမြူရေးဌာနကို ပြည်နယ်/တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ဆောင်ရွက် ထားရှိမှု၊ ကရင်ပြည်နယ်တွင် ပျားမွေးမြူရေးဌာနကို ဖွင့်လှစ်ခဲ့မှု၊ ပျားမွေးမြူပါကရရှိမည့် အကျိုးအမြတ်များ၊ ကရင်ပြည်နယ်တွင် မွေးမြူရေးလုပ်သည့် ပျားအမျိုးအစားများ၊ ပျားမွေးမြူနိုင်သည့် နည်းလမ်းများ၊ ဈေးကွက်အတွင်း ရောင်းချနိုင်မှု အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း ပျားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဆေးဘက်ဝင် ပျားရည်များ ထုတ်လုပ်ရောင်းချနေမှု အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)