တောင်ငူ၌ စားသုံးဆီဖူလုံစွာရရှိရေးအတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နေကြာ ဧကပေါင်း ၃၇၀၀ ကျော် တိုးချဲ့ စိုက်ပျိုးမည်

တောင်ငူ  မတ်  ၈

ပဲခူးတိုင်းဒေကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ကျေးရွာအုပ်စု ၁၅  အုပ်စုမှ ကျေးရွာပေါင်း ၃၁ ရွာတွင်စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ မျိုး ဆီထွက်သီးနှံ နေကြာသီးသန့် စိုက်ဧက ၁၀ ဧက နှင့် မတ်ပဲစိုက်ခင်းများအကြား သီးညှပ်နေကြာ စိုက်ဧက ၁၇၈ ဒသမ ၅ ဧက စိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧကလျှင် တင်း(၂၀) ခန့် အထွက်နှုန်းရရှိသဖြင့် လာမည့်ဆောင်းသီးနှံစိုက်ပျိုး ရာသီကာလတွင် ယခင်နှစ် ထက်ကျော်လွန်၍ နေကြာဧကပေါင်း ၃၇၇၀ ဧက စိုက်ပျိုးနိုင်ရန် လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“ယခင်နှစ်တွေက ရိုးရိုးနေကြာမျိုးစေ့ ၄ တင်းကျိတ်ရင် နေကြာဆီ ၁၀ ပိဿာပဲရတယ်။ ဒီနှစ်မှာ တော့ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စမ်းသပ်စိုက်ပျိုးပြီး  ဆီကျိတ်တဲ့အခါမှာ ၃ တင်းကို နေကြာဆီ ၁၀ ပိဿာထွက်ရှိတော့ စိုက်ပျိုးတောင်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ ဒီလိုအထွက်နှုန်းကောင်းတဲ့ နေကြာမျိုးကို လာမည့်စိုက်ပျိုးရာသီကာလမှာလည်း ဧကတိုးချဲ့စိုက်ပျိုးသွားမည်လို့ ရည်ရွယ်ထားပါတယ်။  ပြန်လည်စိုက်ပျိုးဖို့အတွက် နေကြာမျိုးများရရှိရေးကို အဓိကထား စိုက်ပျိုးသွားမည် ” ဟု ဒိုးအင်းကျေးရွာနေ နေကြာစိုက်ပျိုး တောင်သူ ဦးထွန်းခက ပြောကြားသည်။

တောင်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ သီးသန့်စိုက်ဧကများနှင့် ဆောင်းသီးနှံပဲမျိုးစုံ စိုက်ခင်းများအတွင်း သီးထပ် သီးညှပ် နေကြာစိုက်ပျိုးမည့် ဆီထွက်သီးနှံ အထွက်ကောင်း ဆင်းရွှေကြာ-၂ မျိုးအိတ် (၃၅၇) အိတ်ကို  တောင်သူ ၂၀၆ ဦးထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီး နိုင်ငံတော်မှလည်း စိုက်ပျိုးတောင်သူများအတွက် ဓာတ်မြေဩဇာများ ဝယ်ယူရာတွင် စက်ရုံမှထွက်ရှိသည့် ဈေးနှုန်းအတိုင်း တူညီစွာဝယ်ယူရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်လာမည့် မိုးရာသီကာလ၌  မိုးနေကြာအဖြစ် စမ်းသပ်စိုက်ပျိုးရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မေလနှင့် ဇူလိုင်လတွင် ဒိုးအင်းကျေးရွာ၌ သီးသန့်စိုက်ဧက ၁၀ ဧကကို စမ်းသပ်စိုက်ပျိုးရန် စီစဉ်ထားလျှက်ရှိပြီး လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်အတွက် ကျေးရွာ အုပ်စု ၂၂ အုပ်စုမှ ကျေးရွာပေါင်း ၅၀ တွင် နေကြာဧကပေါင်း ၃၇၇၀ ဧကကို စိုက်ပျိုးမည်ဖြစ်သည်။ တောင်ငူ မြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစွာ ရရှိရေးအတွက် စာသုံးဆီနေကြာအပါအဝင် အခြား ဆီထွက်သီးနှံ (၁၃၃၁၆) ဧကကိုမြေအမျိုးအစားပေါ်မူတည်ကာ ခွဲခြား စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးမန်နေဂျာ ဦးနိုင်မင်းလှိုင်ထံမှ သိရသည်။

ဇော်ထက် (တောင်ငူ ခရိုင် ပြန်/ဆက်)