ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် EM ဘိုကာရှီသဘာဝဓာတ်မြေသြဇာပြုလုပ်နည်း အသိပညာပေးဆွေးနွေး

ကျိန္တလီ မတ် ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် EM ဘိုကာရှီ သဘာဝဓာတ်မြေသြဇာ ပြုလုပ်နည်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးခိုင်မိုးမင်း (ရုပ်/သံကျွမ်းကျင်-၃) က တောင်သူ လယ်သမားများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် သီးနှံများအထွက်နှုန်းတိုးရန်ရည်ရွယ်ပြီး EM ဘိုကာရှီ သဘာဝဓာတ်မြေသြဇာ ပြုလုပ်နည်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျိန္တလီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတင်မောင်မြင့်က EM ဘိုကာရှီ သဘာဝဓာတ် မြေသြဇာပြုလုပ်နည်းအား လယ်/ယာ လုပ်ငန်းလုပ်ကိုင်နေသော တောင်သူလယ်သမားအား အသိပညားပေးပြောကြားရာတွင် သီးနှံများအထွက်တိုးရေးအတွက် ဇီဝမြေသြဇာများကို ကျယ်ကျယ်ပြန့် ပြန့်သုံးစွဲနိုင်ရန်ရည်ရွယ်ပြီး EM (အကျိုးပြု အဏုဇီဝ) ပြုလုပ်သုံးစွဲရာတွင် အသင့်သုံးEM ဖျော်စပ်ရန်- EM အပြင်း(၁)ဆ/တင်လဲရည်(သို့)သကာရည်(၄)ဆ ၊ ရေ(၉၅)ဆကို ရောစပ်ပြီး လေလုံအောင် ပိတ်ထားရန်၊ နေစဉ် နံနက်တိုင်းတွင် အဖုံးဖွင့်ပြီး ဓာတ်ငွေ့များ ဖယ်ထုတ်ရန် (အေးမှောင်ခြောက်သွေ့) နေရာတွင် ထားရန်၊ ဖျော်စပ်ထားပြီးသော EM ဖျော်ရည်မှာ အဝါရောင်အဖြစ် ပြောင်းသွားပြီး ၃ ရက်အကြာတွင် စတင်အသုံး နိုင်ပြီးဖြစ်ကြောင်း၊ EMဘိုကာရှီ သဘာဝမြေသြဇာပြုလုပ်ပုံမှာ - အရိပ်ရသောနေရာတွင် ပြုလုပ်ရန် ၊ လယ်/ယာလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ကောက်ရိုး ၊ စပါးခွံ ၊ မြေပဲခွံများ (အလျှား ၆ပေ ၊ အနံ ၄ပေ ၊ အမြင့် ၃ပေ) ပထမအလွှာတွင် လယ်/ယာစွန့်ပစ်ပစ္စည်းများအား ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်စေရန် ခြေထောက်ဖြင့် ၆ လက်မထုဖြစ်အောင်နင်းဖိခြင်း ၊ ထိုအလွှာတွင် EM ဖျော်ရည်(၃)ဂါလံ ၊ နွားချေ ၈ ပြည် ၊ ဖွဲနု ၁ ပြည် တို့ဖြင့်ရောစပ်ပြီး အမြင့်ပေ ၃ ပေ အထိ ရောက်သည့် အခါတွင် ပလစ်စတစ်ဖြင့် ဖုံးအုပ်ထားရန် ၊ ၇ ရက်မှ ၁၀ရက်ကြာလျှင် အစိုဓာတ်ရှိမရှိစစ်ဆေးရန် ၊ ခြောက်သွေ့နေပါက ရေအနည်းငယ် ဖျန်းရန် (မစိုလွန်း ၊ အခြောက်လွန်းစေရ) စုစုပေါင်းရက်ပေါင်း(၃၀)ဖုံးအုပ်ထားပြီးပါ နှစ်ရှည်ပင်၊ ဟင်းသီး ဟင်းရွက်များနှင့် ပန်းပင်များအတွက် EM ဘိုကာရှီကို အသုံးပြု နိုင်ပြီဖြစ်ကြောင်း အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)