ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေး

ဝက်လက်  မတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးကျော်ဆွေ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဒေါ်စန္ဒာထွန်းနှင့် အင်ဂျင်နီယာ ဒေါ်စုစုမြိုင်တို့က  ဆရာဝန်အိမ်ရာ (၂)ခန်းတွဲ (၁)ထပ်နှင့် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၂)ထပ်တို့ကို ကြည့်ရှု့စစ်ဆေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ရှင်းလင်းပြသခဲ့ကြပြီး အဆောက်အဦး အုတ်ခံအတွင်း ဖြည့်သောမြေများမှာ အမှိုက်များမပါဝင်သော သန့်ရှင်းသောမြေများ ဖြည့်ပေးရန်လိုအပ်ကြောင်း၊ Stirrtup ကွင်းများ သတ်မှတ်ပုံစံအတိုင်း ဆောင်ရွက်ရန် အကြံပြုမှာကြားခဲ့သည်။

ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆရာဝန်အိမ်ရာနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်းကို အမေ့နန်းတော် ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က စတင်ပန္နက်ရိုက် ဆောက် လုပ်ခဲ့ပြီး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ထံမှ သိရသည်။

ဥမ္မာဝင်း(ဝက်လက်)