လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေးသရုပ်ပြနှင့် အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)  မတ်  ၉

ယခုအခါ ပူပြင်းခြောက်သွေ့သော ရာသီရောက်လာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ (၇) နေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လျှပ်စစ်ရုံးများတွင် အသိပညာပေး သရုပ်ပြလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြသခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးတာဝန်ခံနှင့် ဈေးစည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးသူ၊ ဈေးသားများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစိုးသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပေါ်ပါက လျှင်မြန်စွာ မီးငြှိမ်းသတ် နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ထားရှိဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက်ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ ဈေးအတွင်းတွင် ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်း၊ ပျက်စီးနေပါက အသစ်လဲလှယ် တပ်ဆင် ကြရန် ဈေးတာဝန်ခံများအားမှာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များကဈေးအတွင်း မီးဘေးလုံခြုံ စိတ်ချမှု ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)