ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ခန္တီး      မတ်      ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့  နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ယခုဖြစ်ပွားနေသည့် ရောဂါသည် အလွန်ကူးစက် မြန်သည့် ရောဂါ ဖြစ်ကြောင်း၊ ဖျားနာ၊ ချောင်းဆိုးဖြစ်ခဲ့သော် ပြည်သူ များက နီးစပ်ရာ မြို့နယ်ကျေးလက် ကျန်းမာရေး ဌာနကို အသိပေးဖို့ လိုကြောင်းနှင့် ရောဂါ စောင့်ကြပ်ကြည့်ရှုမှု စံလုပ်ငန်းစဉ်များ ကိုလည်း ကောင်း စသည့်အချက်အလက်များကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တိုင်းကူးစက်ရောဂါ ကြီးကြပ်ကွပ်ကဲရေး ဒေါက်တာကျော်သူဆွေနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက COVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)