လှိုင်းဘွဲ မတ်လ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည်ပိုင်းက ရွှေဂွန်းကျေးရွာ အထကကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်းဆိုင်ရာ သိထားသင့်သည့်အချက်များအား အသိ ပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ကောင်းမွန်စွာ ဖန်တီးနိုင်ရေးအတွက် မူးယစ်ဆေးဝါးများကို မသုံးစွဲကြစေရန်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိ ပညာပေး ပိုစတာပေးအပ်ခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)