မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း (Citizen Budget) စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
“အခုစာစောင်ကတော့ မည်သူမဆို အလွယ်တကူသိရှိနိုင်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း(Citizen Budget)စာစောင်ကို ပထမဆုံးအကြိမ်ထုတ်ဝေပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေအထိ ဖြန့်ဝေပေး သွားမှာဖြစ်ပါတယ်၊ နောက်ပြီးပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ကြည့်ရှုနိုင်စေဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင် သာယာရေး အဖွဲ့က ထောင်ထားတဲ့ လူမှုကွန်ယက်စာမျက်နှာနဲ့ Website တွေမှာ ဝင်ရောက်ကြည့်ရှု နိုင်အောင် စီစဉ်ထားမှာ ဖြစ်ပါတယ်၊ ဒီစာစောင်မှာ ကဏ္ဍတစ်ခုချင်းစီ အလိုက် လျာထားငွေ၊ သုံးစွဲမည့် အစီအစဉ်တွေကို အသေးစိတ်ဖော်ပြထားပါတယ်” ဟု မုံရွာမြို့နယ် စည်ပင် သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။
မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဖြန့်ဝေသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်း ခြေငွေစာရင်း(Citizen Budget) စာစောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမဆုံး အကြိမ် ဖြန့်ဝေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တောင်ကြီးမြို့အပြီး ဒုတိယမြောက်မြို့အဖြစ် ထုတ်ဝေခြင်း ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)