ဘားအံ မတ် ၁၁
စိုက်ပျိုးရေးကိုအခြေခံသော မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှဆီစားသုံးမှုမှာ များပြားနေပြီး စားသုံးဆီများကို ပြည်ပမှမှာယူတင်သွင်းနေရသည့် အတွက် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့် ထုတ်လုပ်နိုင်ရေး သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝမြေ ဆွေးပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ပေါ့ထော် ကျေးရွာ၊ ကွင်းအမှတ် ၁၀၈၉ ရှိ တောင်သူဦးဖေ၏ နေကြာစိုက်ခင်း၌ ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်ခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ ပေါ့ထော်၊ မင်းဇီ၊ ပအိုဝ်းစု ကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ကရင်ပြည်နယ်န်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူ များအနေဖြင့် ဓါတ်မြေ ဩဇာများကိုအသုံးပြုကြမည့်အစား ယခုကွင်း သရုပ်ပြသည့် သဘာဝမြေဩဇာများကို အစားထိုးအသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုး ကျေးဇူးများ ကို ရှင်းလင်းပြောကြားပြီး ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တစ်စပ်တစ်ဆက်တည်း စိုက်ဧက (၇၀၀)ကျော်ရှိ ပေါ့ထော်တောင် ကွင်းတွင် စိုက်ပျိုးထားရှိသော နေကြာ၊ နှမ်း၊ မြေပဲ၊ ပဲပုပ်၊ ပြောင်း စိုက်ခင်းများအား ကြည့်ရှု့အားပေးသည်။
ယင်းနောက် ဆီထွက်သီးနှံသွင်းအားစုများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏စားနပ် ရိက္ခာဖူလုံပိုလျှံရေးသည် ဒေသခံတောင် သူလယ်သမားများအပေါ် မှီတည်နေပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဆီကိုစားသုံးနိုင်ရန် ဆီထွက် သီးနှံများစွာ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း ဆီစားသုံးရန် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပဲပိစပ်တို့ကို စိုက်ပျိုးကြပြီး မြေပဲ၊ နှမ်းနှင့်နေကြာတို့မှ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ လူဦးရေတိုးလာသော်လည်း စိုက်ပျိုးလုပ်ကိုင်နိုင်သည့် လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေများတိုးလာခြင်း မရှိ သည့်အတွက် သီးထပ်သီးညှပ်များဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းစိုက်ပျိုးလုပ်ကိုင်ကြရန် လိုအပ်လာကြောင်း၊ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုး လုပ်ကိုင်ကြမည့် လယ်ယာ ကိုင်းကျွန်းဥယာဉ်ခြံမြေများတွင် ဓါတ်မြေဩဇာများ သုံးစွဲနည်းမမှန်ကန်ပါက မြေဆီမြေနှစ်များပျက်ဆီးဆုံးရှုံးနိုင်သည့် အတွက် ဘေးဥပါဒ်ကင်းသည့် သဘာဝမြေဩဇာ များကို အစားထိုးသုံးစွဲ၍ ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် တက်ရောက်လာသော တောင်သူများအား ကျောက်မှုန့်မြေဩဇာနှင့် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ရာ တောင်သူများကလက်ခံရယူခဲ့ကြပြီး တောင်သူ တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ တောင်သူများက သီးထပ်သီးညှပ်များဖြင့် ရာသီမရွေးစိုက်ပျိုးထုတ်လုပ်နိုင်ရေး မြစ်ရေတင် စီမံကိန်းတစ်ခုဆောင်ရွက်ပေးနိုင်ရေး၊ ကုန်ထုတ် လမ်း၊ ကျေးရွာချင်းဆက်လမ်းနှင့် စိုက်ပျိုး ရေးဆိုင်ရာလိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါ့ထော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထား တင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါ့ထော်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး (၁၀၀ပေ x ၃၀ပေ x ၁၂ ပေ ) တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၏ သင်ကြား သင်ယူနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးကာ အထွေထွေအသုံးစရိတ်ငွေကျပ်(၃) သိန်းကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)