တောင်ငူ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်

တောင်ငူ မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း သို့ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်သည်။

ထို့သို့ ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပမှရရှိမည့်  ဗဟုသုတစာအုပ်များကို အားလပ်ချိန်တိုင်း ဖတ်ရှုစေကာ အချိန်တိုင်းအကျိုးရှိစွာ အသုံးချတတ်စေလိုကြောင်း တိုက်တွန်း ပြောကြားပြီး ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည့် စက္ကူပြဇာတ်ဖြင့် ရုပ်ပုံပါပုံပြင်အား ဟောပြောကာ ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား တတ်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းထားသည့် ရုပ်ပုံပါ ပုံပြင်စာအုပ် ၁၀၀ ကျော်အား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ဖတ်ရှုစေကာ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး လူကုန်ကူးမှုပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်