ကောလင်း မတ်၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် ပြဘုတ်များကို လူအများသွားလာသည့် နေရာများ၌ စိုက်ထူခဲ့သည်။
ထို့နောက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်ဖြူဖြူဝင်းနှင့် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့ များက ပူးပေါင်း၍ လူအများ သွားလာရာ လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး (COVID-19) ရောဂါနှင့် ပတ်သက်၍ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါကူးစက် နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ပါဝင်သည့် မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)