ရန်ကုန် မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အားကစားမှူး ဒေါ်သန်းသန်းနွယ်က လူငယ်များ အားကစားကို လေ့လာလိုက်စား ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားကစားနည်းများ ယှဉ်ပြိုင်ရာတွင် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ၊ အသိပညာ ပေး ဟောပြောခြင်း၊ ခရိုင်အားကစားမှူးဦးရဲကျော်သူက အားကစားဆိုင်ရာများ၊ အားကစား ပြုလုပ်ခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ရရှိမည့် အချက်များအားအသိပညာပေး ပြောကြား ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဧည့်ပရိသတ်များနှင့် ကျောင်းသားကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးခြင်းလုံး လက်ရွေးစင် အားကစားသမား လင်းလင်းနှင့်အဖွဲ့မှ ရိုးရာခြင်းလုံး တစ်ဦးချင်းနှင့် (ဝိုင်းဖွဲ)ကစားနည်းကို သရုပ်ပြကစားပြခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်မှ အားကစားပစ္စည်း(၅)မျိုးအားကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။