ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

ပွင့်ဖြူ     မတ်      ၁၂


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေကာ ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍စီစဉ်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသိရကာ စာဖတ်ဝိုင်းဆွေးနွေးပွဲ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက စာရေးဆရာ တက်တိုး ၊ နုယဉ် ရေးသားသည့် “သမီးအပျိုစင်အတွက် ဘဝနီတိ ပန်းမာလာ” စာအုပ်တွင် ပါရှိသော စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသည့် စာပေ ဝါသနာရှင်များနှင့် ဝန်ထမ်းများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည်များကို အပြန်အလှန် ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။


ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အားလပ်ချိန်များတွင် စာပေ လေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေကာ ပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 
ရဲဝင်းနိုင် ( ညောင်ဦး )