သာယာဝတီ မတ် ၁၂
ယခုအခါ ပူပြင်းခြောက်သွေ့သော အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် မဖြစ်စေရေးအတွက် ယမန် နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာသို့ မြို့နယ် မီးသတ် ဦးစီးမှူး ဦးဇော်လွင်ဦး ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်အတွင်း မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး ပြည်သူလူထု အား အသိပေးနှိုးဆော်ရာတွင် ထင်း၊ ဖွဲ၊ မီးသွေးမီးဖိုများနှင့် လျှပ်စစ်၊ ဂက်(စ်)မီးဖို အသုံးပြုသူ များကို နံနက်၄နာရီမှ နေ့လယ်၁၁နာရီထိ၊ ညနေ၄နာရီမှ ၈ နာရီထိ စနစ်တကျ အသုံးပြုရန်၊ မီးကြွင်း မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ရန်၊ လျှပ်စစ်မီးဖိုနှင့် ဂက်(စ်)မီးဖို သုံးစွဲပြီးပါက ခလုတ်များကို စနစ်တကျပိတ်ရန်၊ မိမိတို့နေအိမ်များတွင် ရေအိတ်၊ သဲအိတ်၊ မီးချိတ်မီးကပ်များ နှင့် မီးသတ်ဆေးဗူးများ အဆင်သင့်ထားရှိရန်၊ မီးလောင်လွယ်သော ဝါး၊ ဓနိ၊ သစ်သားနှင့် အမိုးအကာများကို စနစ်တကျ ထားရှိရန်၊ ထင်း၊ ဖွဲ၊ မီးသွေးမီးဖိုများ အသုံးပြုပါက အလျား(၄) ပေ၊ အနံ(၃)ပေနှင့် အနက်(၂)ပေခန့် မြေကျင်းတူး၍ စနစ်တကျ သုံးစွဲ ရန်၊ ဟောင်းနွမ်းနေသော ဝါယာ ကြိုးများကို အသုံးမပြုရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ အိမ်အတွင်း၌ မီးလောင်လွယ်သော အမှိုက်များအား စနစ် တကျ ရှင်းလင်းရန် စသည် တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)