မော်လမြိုင် မတ် ၁၂
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်သည် သဘာဝကို အခြေခံသည့် ခရီးသွားလာစရာနေရာများစွာရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကိုဗစ်- ၁၉ အလွန်ကာလအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ လက်ရှိခရီးသွားဒေသများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာပေးသင်တန်း များကို လည်း ဖွင့်လှစ်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာလိုင်စင်များအား ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွား ရေးရာဝန်ကြီး ဉီးနိုင်လယိတမ၊ အတွင်းရေးမှူးဉီးဇေယျာထွန်းနှင့် လုပ်ငန်းကော်မတီ ဝင်များ တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွင် တန်ခိုးကြီးဘုရားများစွာ ရှိသကဲ့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ နှစ်စဉ်များစွာ ဝင်ရောက်မှုရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ မွန် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်- ၁၉ ကာလအတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အထူးအလေးပေးဆောင်ရွက်လျက် ရှိကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများကိုလည်း သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊လိုင်စင်သက်တမ်းတိုးပေးခြင်း၊ ခရီးသွားလိုင်စင်လျှောက် ထားခြင်းများနှင့် ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)