နွေစပါးစိုက်ခင်း ရေလိုအပ်ချက်ကြောင့် မြေအောက်ရေတူးဖော် အသုံးပြု

ဖောင်းပြင် မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ နွေစပါးစိုက်တောင်သူအများစုသည် ယခင်က အင်းရေကို ရေမြောင်းများဖြင့်သွယ်တန်းကာ စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေလုံလောက်စွာ ရရှိခဲ့ ကြပြီး ယခုအခါ အင်းရေမှာ စောလျင်စွာခန်းခြောက်လာခဲ့ခြင်းကြောင့် စိုက်ပျိုးရေအတွက် မြေအောက် ရေကိုအသုံးပြုနိုင်ရန် စက်ရေတွင်းများတူးဖော်နေကြကြောင်း တောင်သူများထံမှသိရသည်။

“ကျွန်တော်တို့ရွာမှာ နောင်ပကွန်ကွင်း၊ သုန်သာကွင်း၊ ပေါက်တောကွင်း၊ ဝက်ရောက်ကွင်းစတဲ့ နွေစပါး ကွင်းတွေရှိပြီးတော့ ရေရရှိဖို့ စက်ရေတွင်းတူးနေတဲ့ ကွင်းကတော့ နောင်ပကွန်ကွင်းလို့ခေါ်ပါတယ်။ အစဉ်အဆက်ကတော့ နောင်ပကွန်အင်းအလယ်ခေါင်မှာ အနက်ပေ​လေးဆယ်၊ အကျယ်ရှစ်ဧက လောက်ရှိတဲ့ အများသုံးစိုက်ပျိုးရေရယူတဲ့ အင်းကွက်ကြီး ရှိတယ်။ တစ်နွေလုံးရေလုံလောက်ပါတယ်။ ယခုနောက် ပိုင်းမှာတော့ ရာသီဥတုပူပြင်းလာတာကတစ်ကြောင်း အင်းလုပ်ငန်းရှင်တွေကြောင့် စိုက်ပျိုးရေကတော့ မလုံလောက်တော့ပါဘူး။ ဒါကြောင့်မို့ စက်ရေတွင်းတူးဖော်နေရတာပါ”ဟု တောင်သူတစ်ဦးက ပြောပြသည်။

အဆိုပါစပါးစိုက်ကွင်းတွင် နွေစပါးစိုက်ဧက ငါးရာကျော်ခန့်ရှိပြီး အင်းရေကိုရေမြောင်းဖြင့် သွယ်တန်း အသုံးပြုပါက ကုန်ကျစရိတ်သက်သာကြောင်း၊ စက်ရေတွင်းတူးဖော်အသုံးပြုပါက ရေတွင်းတူးစရိတ် ကုန်ကျမှုရှိနေသည့်အပြင် လယ်ကွင်းထဲသို့ရေတင်ပါက ကုန်ကျမှုပိုမိုများလာမည်ဖြစ်ကြောင်း၊ ထို့ပြင် လတ်တလောတွင် ဒီဇယ်အပါအဝင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် တောင်သူများအ နေဖြင့် တွက်ချေမကိုက်ဖြစ်နေကြောင်း တောင်သူတစ်ဦးထံမှ  သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)