မြဝတီ မတ် ၁၂
ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့တွင်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့်COVID Shield နှစ်ကြိမ်ထိုးနှံပြီးသူများအား Booster Dose အပိုဆောင် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ကုသရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ က မတ်လ ၆ ရက်နေ့မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ၁၂နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ထိုးနှံပေးလျက်ရှိသည့်အပြင် COVID Shield နှစ်ကြိမ်ထိုးနှံပြီးသူများအားလည်း Booster Dose အပိုဆောင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ ဖြစ်စေရေး လူတစ်ဦးနှင့်တစ်ဦးအကြား ခြောက်ပေအကွာအဝေး သတ်မှတ်ပြီး စနစ်တကျနေရာယူစေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များကို ဆေးကြောစေခြင်း၊ စနစ်တကျမှတ်ပုံတင် ဖြည့်သွင်းပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)