ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

ဘားအံ မတ် ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအား ရေဖြန့်ဖြူး ပေးနိုင်ရေး သံလွင်မြစ်မှ အမြင့်ပေ ၁၈၀ ခန့်ရှိ ရန်ကြီးအောင်တောင်ပေါ်သို့ ရေတင်စက်နှစ်စုံဖြင့် ရေတွန်းတင်၍ ထိုမှတစ်ဆင့် ရေဖြန့်ဖြူးပေးဝေနိုင်ရေး၊ ရန်ကြီးအောင်တောင်ကုန်းပေါ်တွင် ရေဂါလံ တစ်သိန်းဆံ့ ရေလှောင်ကန် တစ်ကန် တည်ဆောက်ပေးနိုင်ရေးနှင့် ရေပိုက်လိုင်းများ သွယ်တန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ က ရေဖြန့်ဖြူးပေးဝေနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဘားအံမြို့ နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ ကော့မှန်ကျေးရွာတွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၆၁ ဒသမ ၂၆ သန်းဖြင့် စိုက်ဧက ၄၀၀ ကျော်အား အကျိုးပြုသည့် အလျား ၈၂၀၀ ပေ အကျယ် ၃၀ ပေ၊ အနက် ၉ ပေရှိ ချောင်းရိုးဟောင်း တူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဦးနှင့်တာဝန်ရှိသူများက ချောင်းရိုးဟောင်းတူးဖော်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ချောင်းရိုးပေါ်တွင် ကုန်ထုတ်တံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်တိုးချဲ့ကွက်သစ်ရှိ ဈေးဆိုင်ခန်း ပေါင်း ၆၈ ခန်းပါဝင်မည့် အဆင့်မြင့်ပျံကျဈေးတည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ပျံကျဈေးတည်းဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အများသုံးသန့်စင်ခန်းများ လုံလောက်စွာထည့်သွင်းတည်ဆောက်ပေးနိုင်ရေးနှင့် စနစ်တကျ ဖြင့် သန့်ရှင်းသာယာလှပသောဈေးဖြစ်စေရေး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ရှေ့၌ မြောင်းဖုံးပါ အုတ်စီရေမြောင်းနှင့်လူသွားပလက်ဖောင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ပြည်သူ့ဆေးရုံးကြီး ဈေးဆိုင်ခန်း များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ပန်းခြံ အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဇွဲကပင် Landmark နှင့်အပန်းဖြေနေရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)