ပိုင်ကျုံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင်ခြံ လုပ်ငန်းများဖြစ်သည့် ရာဘာစိုက်ပျိုးခြင်း လုပ်ငန်း များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
ယခုနှစ် ရာသီပိတ်ချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရသောကြောင့် တစ်နိုင်တစ်ပိုင် ရာဘာခြံ လုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူလုပ်ကိုင် သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ် ယူသူများ တို့ စားဝတ်နေရေး အဆင်ပြေကြောင်း ရာဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။ ယခင်နှစ်က ရာဘာတစ်ပေါင် ၈၀၀ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်ခြံဖွင့်ကာလတွင် ၁၁၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းရရှိခဲ့ကြောင်း ယခုရာသီပိတ်အချိန်၌ အဝယ်လိုက်သောကြောင့် အမြင့်ဆုံးဈေးဖြစ်သည့် ၁၂၀၀ကျပ်ခန့် ဈေးပေးဝယ်ယူနေကြောင်း ရာဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် ရာဘာအစေးများ အထွက်နည်းသော်လည်း မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် ရာဘာအစေးခြစ်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ပိုင်ကျုံ မြို့နယ်အတွင်း ရာဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၂၀၀ကျပ်၊ နေလွတ် တစ်ပေါင် ၁၂၄၀ကျပ်နှင့် နေလှန်း တစ်ပေါင်လျှင် ၁၀၁၅ကျပ်မှ ၁၁၁၅ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး