ထန်းတပင်(ရန်ကုန်) မတ် ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စုပေါင်းကာ “ပီမိုးနင်းစာများကပြောသည့် ပီမိုးနင်း” စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဝင်များက စာရေးဆရာဇွဲသန်းသျှင်း(သုံးဆယ်) ရေးသားထားသည့် “ပီမိုးနင်းစာများကပြောသည့်ပီမိုးနင်း” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် စာပေကို ချစ်မြတ်နိုးသူများနှင့် စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကို လစဉ်ကျင်းပ ပြုလုပ်ပေးလျက် ရှိသည့်အပြင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင်လည်း Talk Show အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်စာစောင်မျိုးစုံ တို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်း ဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)