နွေစပါးစိုက်ပျိုးသည့် တောင်သူများ အနှံထွက်ချိန် နှံစုပ်ပိုးကျရောက်မှုကာကွယ်ကြရန်လိုအပ်

ရေတာရှည်  မတ် ၁၇

ပဲခူတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံမှ ရေပေးဝေမှုဖြင့် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စတင်၍ နွေစပါးများ စိုက်ပျိုးခဲ့ရာ သက်ရင့် ရက်ကိုးဆယ် ထိုင်းကောက်စပါးများ အနှံများ ထွက်ရှိ လာကြပြီ ဖြစ်သည်။

တောင်သူများအနေဖြင့် စတင်စိုက်ပျိုးပြီး ကတည်းက စပါးပင်များ ရောဂါပိုးမွှားများကျ ရောက်မှု မရှိစေရန် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများစွာ ပက်ဖျန်းပေးခဲ့ကြရပြီး နောက်ဆုံးစပါးအနှံများ ထွက်ရှိချိန်တွင် ကျရောက် လေ့ရှိသည့် နှံစုပ်ပိုး ကျရောက်ပါက စပါးအသီးများ အောင်မြင်မှု နဲပါးခြင်း၊ စပါး အရောင်ပျက်ခြင်းနှင့် ထွက်နှုန်းကိုပါ ထိခိုက်တတ်သည်ဖြစ်ရာ ယခု ကတည်းက တောင်သူများ အနေဖြင့် ပိုးကျ ရောက်မှု မရှိသေးသော်လည်း ကြိုတင်၍ ကန်သင်းများ ဘက်မှ ပတ်ကာ ဆေးနှံ့ပေးခြင်း၊ အခင်းလိုက် ပက်ဖျန်းခြင်းတို့ဆောင်ရွက်လျက်ရှိသည်။

"နောက်ဆုံး ဖိုင်နယ်ကျမှ နှံစုပ်ပိုးကျသွားရင် အထွက်နှုန်းကို ထိခိုက်မှာသေချာတယ်၊ ဒီပိုး ကျသွားရင် စပါးနှံတွေက အခွံပဲကျန်တာ အရင်နှစ် မိုးတွင်း တုန်းက ပေါ့ဆမိလို့ အထွက် အတော်လေး လျော့ သွား တယ်" ဟု သပြေတန်းကျေးရွာနေ ဒေသခံတောင်သူ တစ်ဦးက ပြောကြားချက်အရသိရသည်။

စပါးစတင်ထွက်ချိန်မှ အသီးရင့်မှည့်သည် အထိ နှံစုပ်ပိုးကို အမြဲလိုလို စောင့်ကြည့်ပေးခြင်း၊ လိုအပ် ပါက ဆေးများ ပက်ဖျန်း ပေးခြင်းဖြင့် တစ်ရာသီစာ စိုက်ပျိုးခဲ့သော စပါးခင်းများ ထွက်နှုန်းကို ထိန်းသိမ်း နိုင်မည် ဖြစ်သည်။

ဆု (ပြန်/ဆက်)