ဇီးကုန်း မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က “ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာသဖြင့် မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထား စီမံဆောင်ရွက်ထားရှိကြရန်နှင့် အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် နှိုးဆော်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ၈၃ ရာခိုင်နှုန်း ထိုးနှံပြီးစီးကြောင်း၊ လက်ရှိတွင် ဆေးထိုးအဖွဲ့လေးဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်ရန် “တို့ကို အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်တို့က ဒေသတွင်း တည်ငြိမ်အေးချမ်းရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးကြရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက် ကျေးရွာ (၃၄) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)