မင်းလှမြို့တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကဒ် သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်း ဖွင့်လှစ်ပို့ချ

မင်းလှ မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးမှတ်တမ်းကဒ် သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်းကို  ယနေ့ နံနက် ၉ နာရီချိန်က အမှတ် (၂) ရပ်ကွက်၊ သီရိရတနာခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းဌေးက အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါ်က်တာလှဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲ မြို့နယ်သူနာပြု အဆင့်-၁ ဒေါ်ဥမ္မာဝင်းက ကျောင်းသား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များ၊ ကျန်းမာရေး စစ်ဆေးပေးသူ စသည့်အချက်များကိုရှင်းလင်း ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မှုကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တတ်ရောက်ခဲ့ပြီး၊ နံနက် ၉ နာရီ ၁၂ နာရီထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ပေါက်စ (ပြန်/ဆက်)