သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဓာတ်သုတ် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ထီးတော်တင်လှူပူဇော်ပွဲ ​မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မော်လမြိုင်  မတ် ၁၆


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်တွင်တည်ထားကိုးကွယ်သည့် သမိုင်းဝင် ဆံတော်ရှင် ကျိုက်ဓာတ်သုတ်စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ထီး​​တော်​မြတ်တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ထီးတော်များနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်ပေးပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက သံဃာတော် အရှင်သူမြတ်တို့ ထံမှပရိတ်တရားတော်များရွတ်ပွားသရဇ္ဇာယ်ပေးမှုကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ထီးတော်တို့ကိုပင့်ဆောင်၍ စေတီတော်မြတ်ကြီး အား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြပြီးမင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ထီးတော်တို့အား မင်္ဂလာ ရထားပျံဖြင့် အစီအစဉ်အတိုင်း တင်လှူပူဇော် ကြ​ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)