လှိုင်းဘွဲ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ၊ ဇနီး နန်းခင်လှသူ မိသားစုမှ မတည်လှူဒါန်းမှုနှင့် အများဒါယကာကောင်းမှုဖြင့် တည်ထားကိုးကွယ်တော်မှုသော နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး နောင်တော်ကြီးစေတီ ရွှေထီးတော်တင် ကပ်လှူပူဇော် ခဲ့သည်။ ထို့နောက် ပြည်သာလင်းအေး စေတီတော် မြတ်ကြီးအား ဌာပနာခြင်းတို့ကို ဆရာတော်သံဃာတော်များက ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ဆရာတော် သံယာတော်များနှင့်ပြည်သူများက အောင်မြင်ကြောင်း ဂါထာတော်ကို စည်းလုံးညီညွတ်စွာ ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့နောက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်၌ နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီးအတွက် တရားတော်များ နာယူ ခြင်း၊ ရေစက်ချ အမျှဝေခြင်းနှင့် လှူဖွယ်ပစ္စည်းများကို မတည်အလှူရှင်၊ ကျေးရွာဒါယိကာ၊ ဒါယိမများက ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)