ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ကွင်းဆင်း ဆောင်ရွက်

ကြို့ပင်ကောက် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများဖြင့် ရပ်ကွက်/ ကျေးရွာများအထိ အိမ်တိုင် ယာရောက် ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၅၇၃၁၃)ဦး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ (၂၆၇၀) ဦး နှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၆၄၁၇၅) ဦးတို့ ရှိပြီးဖြစ်ကြောင်း ဆက်လက်၍ သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန စုရပ်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာစုရပ်များသို့ မလာရောက်နိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများမှ အိမ်တိုင်ယာရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိပြီး ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)