ဘူးသီးတောင် မတ် ၁၇
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုအစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက် များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့် ဦးစားပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိသတ်၏ သဘောထား အမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ဘူးသီးတောင်မြို့ အမှတ်(၁) ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဘူးသီးတောင်)မှ စက်ရုံတာဝန်ခံ ဦးညီညီသန့်တို့မှ မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းများကောက်ယူခဲ့ပြီး စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ ပရိသတ်များ စစ်တမ်းများကောက်ယူရာတွင် ဘူးသီးတောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ(၂၅၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်ရှိ ဦးမူဟာမတ်ဟူဆိမ်းမှ မေယု FM ရေဒီယိုနားဆင်ရခြင်းနှင့် ပတ်သက်၍ အသံကြည်လင်ပြတ်သားမှုရှိပြီး ပြည်တွင်းသတင်းများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး သတင်းများကို ကြိုက်နှစ်သက်ပြီး ကျန်းမာရေးသတင်းများ၊ ကိုဗစ်-၁၉ ရောဂါ သတင်းများနှင့် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားမှုသတင်းများအား ထပ်မံထုတ်လွှင့်ပေးစေ ချင်ကြောင်း အကြံပြုပြောကြားခဲ့သည်ဟု သိရသည်။
မြို့နယ် (ပြန်/ဆက်)