မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးရေး သတင်းများ၊ အများပြည်သူသိသင့်သည့် သတင်းအချက်အလက်များကို စနစ်တကျ သတင်း ပြန်ကြားပေးနိုင်စေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များကို အရှိန်အဟုန်မြှင့်ကျေပွန်စွာ ဆောင်ရွက်လျှက်ရှိရာ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို သတင်းရေးသား၍လည်းကောင်း၊ ပညာပေးဆောင်းပါးများ ရေးသား၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် ထုတ်လွှင့်ခြင်း နိုင်ငံပိုင် သတင်းစာများနှင့် ဂျာနယ်များတွင် ပေးပို့ထည့်သွင်းခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ထိုသို့ ရေးသားရာတွင် ကျွမ်းကျင်မှုရှိစေရေးနှင့် ပိုမိုထိရောက်သော သတင်းတင်ပြမှုများ ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါသဖြင့် သတင်းဆောင်းပါးရေးသားနည်း သင်တန်းကို ဖွင့်လှစ်ပို့ချ ရခြင်း ဖြစ်ပါကြောင်းနှင့် သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ရရှိလာမည့် အတတ်အညာ အသီးသီးကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အထူးကြိုးစား ဆောင်ရွက်စေပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အလေးထားရသည့် တာဝန်ကျေပွန်သော ဝန်ထမ်းကောင်း အဖြစ် ရပ်တည်သွားကြစေကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ သင်တန်းနည်းပြ ဆရာဆရာမများက တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား သတင်းဆောင်းပါး စနစ်တကျ ရေးသားနည်းနှင့် သတင်းဆောင်းပါးရေးသာရာတွင် လိုအပ်ချက်များနှင့် လက်တွေ့ အတွေ့အကြုံများ၊ Website နှင့် ဂျာနယ်များတွင် သတင်းရေးသားပေးပို့ရန် ဆောင်ရန်ရှောင်ရန် အချက်အလက်များကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ပရိုဂျက်တာများဖြင့် ရှင်းလင်းပြသ သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် စားသုံးသူရေးရာဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ (၄၀) ဦးတက်ရောက်ပြီး သင်တန်းကာလ တစ်ရက်ကြာ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)