ကနီ မတ် ၁၇
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့ မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝေမာနွယ် က (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကနီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေမာနွယ် က (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ရောဂါ ကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေမာနွယ် က ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားပြီး (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသ ခဲ့ကြောင်း သိရသည်။
ခင်ဝင်းကြည် (ပြန်/ဆက်)