ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြီးမြောက်မှု စစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာဖြေဆို

ဇီးကုန်း မတ် ၁၇

ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ ပြီးမြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ အေးချမ်းစွာဖြေဆိုလျက် ရှိသည်။

အခြေခံပညာ မူလတန်းဆင့် (GRADE-4)၊ အလယ်တန်းဆင့် (GRADE-6) (GRADE-7) (သင်ရိုးသစ် နှင့် သင်ရိုးဟောင်း) နှင့် (GRADE-8) အတန်းများကို မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ရက်လျှင် (၂) ဘာသာနှုန်းဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် သင်ရိုးသစ် (GRADE-10) နှစ်ဆုံးစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တစ်နေ့လျင် (၂) ဘာသာနှုန်းဖြင့် လည်းကောင်း၊ အထက်တန်းဆင့် (GRADE-11) (သင်ရိုးဟောင်း) အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ တစ်ရက်လျင် (၁) ဘာသာနှုန်း ဖြင့်လည်းကောင်း သက်ဆိုင်ရာ ကျောင်းများတွင် စာစစ်ဌာနများ ဖွင့်လှစ်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

(GRADE-9) (သင်ရိုးဟောင်း) တိုင်းအဆင့် နှစ်ဆုံးစာမေးပွဲကို ဇီးကုန်းမြို့နယ်တွင် စာစစ်ဌာန (၂၁)  ခုဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ (GRADE-9) ကျောင်းသား/ကျောင်းသူ (၅၈၈) ဦးအနက်မှ (၅၇၁)ဦး (၉၇.၁၁) ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်းနှင့် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၀၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းရှိပြီး၊ တိုင်း၊ ခရိုင်၊ ပညာရေးမှူးရုံးများ၏ လမ်းညွှန်မှုကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)