မြိုင် မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာအောင်ဇေယျက ကိုရိုနာဗိုင်းရပ်စ် (COVID-19) အသက်ရှူလမ်းဆိုင်ရာ ရောဂါ ကူးစက်ပုံ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ စနစ်တကျ နေထိုင် စားသောက်မှု ပုံစံများကို ရှင်းပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်တို့က မြို့နယ်အတွင်း(COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ် ကာကွယ်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားသည့် အများ ပြည်သူဆိုင်ရာ ပွဲလမ်းသဘင်များ ခွင့်မပြုရန် ကိစ္စများအား ရှင်းပြခဲ့ပြီး တက်ရောက် လာကြသော မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့၏ အခက် အခဲများ၊ ကြုံတွေ့ရမည့် ပြဿနာများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆက်တိုက်ဖြစ်ပွားလာခဲ့သော (COVID-19)ရောဂါအား မြန်မာ တစ်နိုင်ငံ လုံးတွင် ကြိုတင် ကာကွယ်တားဆီးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြိုင်မြို့ နယ်တွင် လည်း ရောဂါကူးစက်မှုများ ကြိုတင်ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် အများပြည်သူ ဆိုင်ရာ ပွဲလမ်း သဘင်များ ခွင့်မပြုရန် ကိစ္စအား မြို့နယ်လုံးဆိုင်ရာ အစည်း အဝေးပြုလုပ် ရခြင်းဖြစ်ကြောင်းသိရသည်။
သူရ (ပုံတောင်)